ဝမ်းချုပ်ခြင်း

Jun 10, 2018

>>   ဝမ်းချုပ်စေသော အကြောင်းအရင်းများ

●       ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

●       အဝလွန်ခြင်း

●       အမျှင်ဓာတ် အစားနည်းခြင်း

●       ဝမ်းပျော့ဆေး အသုံးလွန်ခြင်း

●       အသက်ကြီးခြင်း

●       သိုင်းရွိုက်

●       အစာစားခြင်းဆိုင်ရာ ပြဿနာများ

●       ကိုယ်ဝန်ဆောင်

●       စိတ်ဖိစီးမှု/ စိတ်ကျရောဂါ



>>   သိထားသင့်သောအချက်များ

        ဝမ်းချုပ်ခြင်းကို ပိုဆိုးစေတဲ့ အကြောင်းအရင်းအမျိုးမျိုး ရှိပါတယ်။ ဝမ်းချုပ်တဲ့အခါမှာ အောက်ပါအချက်တွေ လုံးဝမလုပ်ရပါဘူး။



1.     ရေသောက်နည်းခြင်း

          တစ်နေ့ လိုအပ်တဲ့ရေကို လုံလောက်စွာ သောက်သုံးခြင်းဖြင့် အူထဲမှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်စေပြီး မနက်ပိုင်း ဝမ်းသွားရလွယ်အောင် အထောက်အကူပြုပါတယ်။



2.     ကိုယ်လက်လှုပ်ရှားမှု မလုပ်ခြင်း

          ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့ လူနေမှုပုံစံက နေထိုင်လို့ မကောင်းစေတဲ့ အကြီးမားဆုံးသောအချက် ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုခြင်းဖြင့် ဇီဝကမ္မဖြစ်စဉ်ကို မြင့်မားစေပြီး ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်တွေကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်း မလုပ်ခြင်းက အစာချေခြင်းကို နှေးစေတဲ့အတွက် ဝမ်းချုပ်စေပါတယ်။



3.     အရက်နှင့် ကဖင်းဓာတ်

          အရက်က အစာချေတာကို ဟန့်တားပါတယ်။ ကဖင်းဓာတ်ကတော့ အူလှုပ်ရှားမှုကို လှုံ့ဆော်တဲ့အတွက် ရေဓာတ်ခန်းခြောက်ပြီး ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက်နဲ့ ကဖင်းဓာတ် သောက်သုံးမှုကို ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။



4.     အသင့်စား အစားအစာများ

          ဘာအကျိုးသက်ရောက်မှုမှ မရှိတဲ့ ကယ်လိုရီတွေကို စားသုံးခြင်းက ဝမ်းချုပ်စေတဲ့ အကြီးမားဆုံး အကြောင်းအရင်း ဖြစ်ပါတယ်။ အသင့်စား အစားအစာတွေ၊ ထုပ်ပိုးပြီး အစားအစာတွေနဲ့ ရေဓာတ်နည်းပါးတဲ့ အစားအစာတွေကို အမြဲမစားသုံးပါနဲ့။ ဒီအစားအစာတွေမှာ အမျှင်ဓာတ်ပါဝင်မှု အလွန်နည်းပါးပြီး ကြာရှည်ခံ အစားအစာတွေ ပါဝင်မှု မြင့်မားတဲ့အတွက် ခန္ဓာကိုယ်အတွက် ဘာကောင်းကျိုးမှ မရှိပါဘူး။



5.     ဆေးဝါးများ

          အချို့သောဆေးတွေနဲ့ သံဓာတ်အားဆေးတွေက ကျွနု်ပ်တို့ရဲ့စနစ်တွေကို ရပ်သွားစေပြီး ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။



6.     အဝလွန်ခြင်း

          ခန္ဓာကိုယ်ထဲတွင် အဆီများခြင်း (သို့) ဝခြင်းကြောင့် အူတွေ ပုံမှန်အလုပ်လုပ်ဖို့အတွက် နေရာ အလုံအလောက်မရှိဘဲ ဖြစ်စေပြီး အစာချေခြင်းကို နှေးကွေးစေကာ အူမကြီးထဲမှာ အစာတွေ နေရမယ့်အချိန်ထက် ပိုပြီးကြာကြာရှိနေပြီး ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေပါတယ်။



>>   မှတ်သားစရာများ

          ဝမ်းချုပ်တယ်ဆိုတာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသုံးမှုတွေကြောင့် ဖြစ်ပါတယ်။ ဝမ်းပျော့ဆေးတွေ သောက်ခြင်းက ခန္ဓာကိုယ်ကို ဆေးအပေါ်မှာ မူတည်သွားစေတဲ့အတွက် ဝမ်းချုပ်တာကို ကုသဖို့အတွက် အကောင်းဆုံးက သဘာဝနည်းလမ်းတွေပဲ ဖြစ်ပါတယ်။



1.     အစားကို သင့်တင့်မျှတစွာ စားသုံးပါ။

          ခန္ဓာကိုယ် လိုအပ်ချက်အတိုင်း ရရှိအောင် စားသုံးပေးပါ။ တန်ဆေး လွန်ဘေးဆိုသလိုပဲ အလွန်အကျွံ မစားသင့်သလို အစား နည်းလွန်းတာကလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။



2.     သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။

          ရောင်စုံတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ်ပါဝင်မှု များတဲ့အတွက် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။



3.     ယောဂကျင့်ခြင်း

          ယောဂကျင့်ခြင်းဖြင့် ခန္ဓာကိုယ်ကို ပြန်လည်အားပြည့်စေပြီး သွေးတွင်း အောက်ဆီဂျင်ဓာတ်ကို များစေပါတယ်။ ယောဂကျင့်တဲ့ပုံစံ တော်တော်များများက ဝမ်းဗိုက်အောက်ပိုင်းလှုပ်ရှားမှုကို ဖြစ်စေတဲ့အတွက် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။



4.     အူ ကျန်းမာရေးအတွက် ကောင်းသောအစားအစာများ

          အူ ကျန်းမာရေးအတွက် ကောင်းသောအစားအစာများက ဝမ်းချုပ်ခြင်းကို ကုသပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ဖျော်ရည်၊ Chia seeds, Methi seeds စတာတွေကို စားပေးပါ။



5.     ဒိန်ချဉ်

          ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အစားအစာပုံစံ တော်တော်များများမှာ ပါဝင်တဲ့ ဒိန်ချဉ်ဟာဆိုရင် အာဟာရဆိုင်ရာ အကျိုးကျေးဇူး များစွာရှိပြီး အစာချေခြင်းကိုလည်း အားပေးပါတယ်။ အစာအိမ်ရောဂါပိုး ဝင်နိုင်ချေကို လျော့ကျစေပြီး ခန္ဓာကိုယ်ထဲမှာ အကျိုးပြု ဘက်တီးရီးယားပိုးတွေကို ပေါက်ဖွားစေပါတယ်။



          ဝမ်းချုပ်ခြင်းကြောင့် လိပ်ခေါင်း၊ စအိုအနာ၊ ဗိုက်အောင့်ခြင်းနဲ့ စအိုကွဲခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင်တဲ့အတွက် ဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့အတွက် ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ဖို့ အရေးကြီးပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)